Monday, January 21, 2008

အတွေ့အကြုံကို အသုံးချပါ


အတွေ့အကြုံသည် အရာရာကို သင်ကြားခြင်း မပြုနိုင်ပေ။ ထို့အတူ ယင်းသည် ဘာသာရပ် တစ်ခုခုဖြစ်သည့် အင်္ဂလိပ်စာ၊ သမိုင်း၊ စီးပွားရေး၊ လူမှုရေး သချာင်္စသည်တို့ကို သီးခြား သင်ကြား လေ့ကျင့်ပေးသော အတတ်ပညာ တစ်ရပ်လည်း မမည်ပါပေ။
သို့တိုင် အတွေ့အကြုံသည် ဘ၀ဟူသော သင်ခန်းစာကို သင်ကြားပေးသော အခြေခံပညာ တစ်ခုဟု ယူဆပါက ယူဆနိုင်စရာ ရှိပါပေသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းသည် နေထိုင်သွားလာနိုင်ရေး၊ ပေါင်းသင်းဆက်ဆံ ချောမွေ့စေရေးတို့ကို အခြေပြုကာ ဘ၀တစ်လျှောက်လုံး ဘယ်သောအခါမျှ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနိုင်မည် မဟုတ်သော အသိပညာရပ် ဖြစ်သောကြောင့်သာတည်း။
ဆိုရိုးစကား ရှိခဲ့ဖူးပါသည် “အသိပညာ၊ အတတ်ပညာ သိတတ်လိမ္မာမှ” ဟူသော ဆိုရိုးပါပေ။ ယင်းဆိုရိုးသည် အကြောင်းမဲ့ ဆိုခဲ့ခြင်း မဖြစ်တန်ရာပေ။ “အတတ်ပညာ”ဟူသော ဝေါဟာရကို သင်စရာ တတ်စရာရှိသည်များကို အတိုင်းအတာတစ်ခုအထိ အကန့်အသတ်ဖြင့် တတ်မြောက်အောင် သင်ကြားခြင်းကို ဆိုလိုကာ၊ “အသိပညာ” ဟူသောဝေါဟာရသည် ဘ၀ဖြင့်ရင်းကာ သင်ခန်းစာအသိဖြင့် ရရှိလာသည့် အတွေ့အကြုံကို ဆိုလိုဟန်ရှိသည်။ ယင်းကို သင်ရိုး ကုန်ဆုံးခြင်းမရှိသော ဘ၀ပြဌာန်းစာအဖြစ် တင်စားနိုင် သည်။
မွန်စကားပုံ တစ်ခုရှိပါသည် “ပညာဂႜဲာလေဲာ နယ်ဂႜဲာဝါတ်” ပွန်ညာဂလာလွယ် နွယ်ဂလာဝပ်-ဟူ၏။ ဆိုလိုရင်းမှာ အတတ်ပညာကို တတ်မြောက်ရန် လွယ်ကူစွာ သင်ကြားနိုင်သော်လည်း နည်းလမ်းကိုမူကား သင်ကြား တတ်မြောက်ရန် မလွယ်ကူလှပေ။ ယင်းနည်းလမ်းကို ရယူနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အတွေ့အကြုံ ဖြစ်သည်။ ယင်းအတွေ့အကြုံ သည်သာ နည်းလမ်းကောင်းကို ဖော်ဆောင်နိုင်ပေမည်။
ဥပမာအားဖြင့် မီးဖြင့် ဆော့ကစားနေသည့် ကလေးငယ်တစ်ဦးကို မီးကို မဆော့ရန်၊ မီးနှင့်ဆော့ပါက အန္တရာယ် ရှိနိုင်ကြောင်းကို မည်မျှပင် အာပေါက်အောင် ရှင်းပြစေကာမူ ကလေးငယ်ကား အဆော့ရပ်လိမ့်မည် မဟုတ်ပေ။ တားသူကို ကြောက်သဖြင့် ချက်ခြင်းလက်ငင်း ခဏတာ ရပ်တန့်ကောင်း ရပ်တန့်လိုက်ရသော်လည်း နောင်အခါ ထပ်ဆော့ကစားရန် ပြန်အားထုတ်ကောင်း အားထုတ်ပေလိမ့်မည်။ အစဉ် ရှောင်ကြဉ်ရန် ကလေးငယ်မှာ အတွေ့အကြုံ ဟူသည့်အသိ လိုအပ်နေ၍ ဖြစ်သည်။ အကယ်၍ မီးနှင့် ဆော့ကစားစဉ် လက်လောင် လက်ပူသည့် အတွေ့အကြုံ၊ မီးလောင်သည့် မြင်ကွင်း စသည်များ ကြုံတွေ့ ခံစားဖူးပါက မီးပူမှန်း အန္တရာယ်ရှိမှန်း ကလေးငယ်က အလိုလို သိကျွမ်းနားလည် လာပေလိမ့်မည်။ ယင်းဖြစ်ရပ်တွင် ကလေးငယ်ကို အဘယ်ပညာ အဘယ်အတိုင်းအတာဖြင့် သင်ကြားသော်လည်း မီးပူမှန်း တတ်မြောက်ခြင်း မရှိပါပေ။ “လောင်သည်၊ ပူသည်” ဟူသော အတွေ့ အကြုံသည်သာ မီးပူမှန်း ကလေးငယ်ကို နားလည်စေခဲ့သည်။ မီးကို ပူမှန်း သိသည့်နောက် အစဉ်အမြဲ ရှောင်ကြည်ပေလိမ့်မည်။ မီးနှင့်ဆော့ရန် နောင်အခါ တားရန် လိုအပ်မည် မဟုတ်သကဲ့သို့ ကလေးကိုယ်တိုင်လည်း ထပ်ဆော့ရန် အားထုတ်လိမ့်မည် မဟုတ်ပေ။
လူဘ၀ဖြစ်စဉ်နှင့် အတွေ့အကြုံသည် ဒွန်တွဲလျှက် ဖြစ်ပျက်နေသော အပြောင်းအလဲ အခန်းကဏ္ဍတစ်ရပ်သာ ဖြစ်သည်။ ဘ၀ဖြတ်သန်းမှု ဖြစ်စဉ်တိုင်းတွင် အတွေ့အကြုံသည် အလိုအလျှောက် ပါဝင်ပတ်သက်ရသည့် ပညာရပ်တစ်ခု ဖြစ်သည်။ ယင်းကြောင့်သာလျှင် အတွေ့အကြုံတိုင်းကို အမှတ်တမဲ့အဖြစ် သဘောမပိုက်မူဘဲ အစဉ်ထာဝရ သိရှိနေရမည့် အသိဟူသော ပညာရပ်တစ်ခုအဖြစ် အသုံးချနိုင်ပါက ဘ၀ကို ရှေ့တက်လမ်းသို့သာ ပို့ဆောင်စေနိုင်မည် ဖြစ်သည်။ ထိုကြောင့် အတွေ့အကြုံကို အသုံးချပါ-ဟူ၏။