Friday, January 25, 2008

အချစ်ဆိုတဲ့အရာ



ရင်ဖွင့်စတမ်း အမှန်ကို ၀န်ခံရရင် အချစ်ဆိုတဲ့အရာ ကျွန်မအတွက် မပီပြင် ၀ိုးတ၀ါး ပုံရိပ်နဲ့ ဘောင်ကွပ်ထားခြင်းမရှိတဲ့ ပန်းချီကားချပ် တစ်ချပ်လိုပဲ ခံစားရဆဲပါ။

အချစ်ဆိုတဲ့အရာကို အမှန်တကယ် သိရဲ့လား၊ ရှိခဲ့ဖူးပီးလား၊ ကြုံခဲ့ဖူးပီးလား၊ ခံစားခဲ့ဖူးပီးလား မေးရင် ကျွန်မ ဘာကိုမှ ရေရေရာရာ မဖြေတတ်သေးပါ။ အချစ်ဆိုတဲ့အရာကို ရှင်တို့က ဘယ်လို သဘောပေါက် ပါသလဲလို့ ကျွန်ကပဲ ပြန်မေးရမှာပါ။ ဘာလို့လဲဆိုတော့ ကိုယ်စီခံစားချက်နဲ့ ကိုယ်ပိုင်ထွင် စကားလုံးတွေနဲ့ လူတိုင်းက သူတို့နားလည်သလို အချစ်အဓိပ္ပါယ်ကို ဖွင့်တတ်ကြလို့ပါပဲ။ ကျွန်မကလည်း ကျွန်မ သိနားလည်သလောက်၊ ရှိခဲ့ဖူးသလောက်၊ ဆုံခဲ့ဖူးသလောက်၊ ခံစားတတ်တဲ့အတိုင်း အချစ်အဓိပ္ပါယ်ကို ဖွင့်ရမှာပါပဲလေ။

ကျွန်မ ဖတ်ဖူး၊ မှတ်ဖူးတာတွေ ဘယ်ဘာသာရပ်ကမဆို ကူးချတန်ကူးချ၊ သဘောပေါက် သလိုနဲ့ လိုရာဆွဲ ကောက်ချက်ချတန်ချ၊ ပီးတော့ ခံစားရသလို ချရေးပြရမှာပေါ့။ လူတိုင်း လွတ်လပ်စွာ အချစ်ကို ကိုးကွယ်ခွင့်ရှိတယ်။ ပွင့်လင်းစွာ ဟောပြောဆိုဆုံးမခွင့် ရှိတယ်မို့လား။ အဲ--တစ်ခုတော့ ရှိတာပေါ့လေ၊ ပုံတူ ကူးချလို့မရတဲ့ အရာတွေ လူ့လောကမှာ ရှိတတ် ကြတယ်။ ဒါကို ကျွန်မတို့က သိရှိထားရင် တစ်သွေမတိမ် ကူးမချရင် ပီးတာပါပဲလေ။

အနောက်တိုင်းအချစ်နဲ့ အရှေ့တိုင်းအချစ် အဓိပ္ပါယ်ဖွင့်ဆိုတာချင်း ခြားနားမှု ရှိသလို၊ မြန်မာ အချစ်နဲ့ တိုင်းတစ်ပါးသားအချစ် ယူဆချက်ချင်းလည်း ကွဲပြားမှု ရှိတတ်ကြတယ်။ ထိုပြင် ဗုဒ္ဓဘာသာအချစ်နဲ့ ဘာသာခြားအချစ်တွေရဲ့ မတူ ထူးခြားချက်တွေ ရှိပြန်ပါသေးတယ်။ ဒါကို သူ့အချစ်အဓိပ္ပါယ် မှားတယ်၊ ငါ့အချစ်အဓိပ္ပါယ်မှ မှန်တယ်လို့ လှေနံဓားထစ် ပြောလို့ ဘယ်ဖြစ်မလဲ မဟုတ်ဘူးလား။ ဒါကြောင့် အပေါ်မှာ ကျွန်မနိဒါန်းပျိုးထားရတာ။

ရင်ဖွင့်စတမ်း အမှန်ကို ၀န်ခံရရင် အချစ်ဆိုတဲ့အရာ ကျွန်မအတွက် မပီပြင် ၀ိုးတ၀ါး ပုံရိပ်နဲ့ ဘောင်ကွပ်ထားခြင်းမရှိတဲ့ ပန်းချီကားချပ် တစ်ချပ်လိုပဲ ခံစားရဆဲပါ။ အချစ်ရဲ့ ပုံသဏ္ဍာန်ကို မဖမ်းတတ်သေးပါ။ အချစ်ရဲ့လိုင်း တိုင်းတာ မပြတတ်သေးပါ။ အချစ်ရဲ့သရုပ် ထုတ်နုတ် မပြတတ်သေးပါ။ အချစ်ရဲ့အရောင် ကောင်းစွာ မဖော်တတ်သေးပါ။ အချစ်ရဲ့ စုတ်ချက် ကြမ်းလား နုလား ခွဲခြား မသိသေးပါ။ အချစ်ရဲ့အမှောင်အလင်း ရှင်းလင်းမှု မရှိသေးပါ။ အချစ်ရဲ့ပြခန်း ရောင်းတမ်းအတွက်လား၊ ဈာန်ဝင်စားမှုလား တကယ့်ကို ဘာမှပြတ်သားမှု မရှိ တကယ့်ပီဘိ ကလေးတစ်ယောက်လိုပါပဲ။

အချစ်ရဲ့ ပုံသဏ္ဍာန် ဟန်ပန်မရွေးပါ၊ အချစ်ရဲ့လိုင်း ရိုင်းပင်းကူညီမှုရှိရင်၊ အချစ်ရဲ့သရုပ် ရိုးရိုးကုပ်ကုပ်နဲ့၊ အချစ်ရဲ့အရောင် ကျွန်မကို ကောင်းစွာ စိတ်လှုပ်ရှားနိုင်မှုရှိတဲ့။ အချစ်ရဲ့ စုတ်ချက်မှာ ညင်သာမှုရှိတဲ့၊ အချစ်ရဲ့အမှောင်အလင်း ဆုံးဖြတ်ချက် ပြတ်သားခြင်းရှိတဲ့။ အချစ်ရဲ့ပြခန်း ဈာန်ဝင်စားတဲ့သူကိုသာ ရွေးချယ်မှာပါ။ ဒါတွေက ကျွန်မအချစ်ရဲ့ ကန့်သတ်ချက် တစ်စိတ်တစ်ဒေသပေါ့။ ကျွန်မရဲ့ အချစ်အဓိပ္ပါယ်က လှုပ်ရှားမှုတိုင်းမှာ သက်ရောက်မှုရှိတဲ့သူကို ပိုးပြီး အလေးထား စဉ်းစားနေမလား။
ဆက်ရန် ---နောက်----