Monday, January 14, 2008

ကံကြမ္မာသည် ကြိုးပမ်းနေသူများကိုသာ သရဖူဆောင်းပေး


လူတို့သည် အမိဝမ်းတွင်းမှနေ မွေးဖွားလာခြင်းနှင့်အတူ အခွင့်အရေးများ ရရှိခံစားရန် ကံကြမ္မာက အလိုအလျှောာက် ပြဌာန်းထားပြီးသား ဖြစ်သည်။ သို့သော် ကံကြမ္မာက လူသားတိုင်းကို တန်းတူ အခွင့်အရေးများ အပြီးသတ် သတ်မှတ်ကာ ပေးထားမည် မဟုတ်ပါချေ။

မိမိတို့၏ တာဝန်ဝတ္တရားများ၊ လုပ်ကွက်ကိစ္စရပ်များအပေါ် မဆုတ်မနစ် တစိုက်မတ်မတ် ကြိုးပမ်းနေသူများနှင့် ရေသာခိုသူများကြား အခွင့်အရေး ပေးရေးတွင် တူညီခြင်း မရှိပါပေ။ စွန့်လွှတ်စွန့်စားမှု မရှိ၊ ပျင်းရိလေးတွဲ့စွာ ဘ၀အတွက် လှုပ်ရုံသာ လှုပ်နေ သူများအား ကံကြမ္မာက “အဖြစ်”ဟူသော အခွင့်အရေးလောက်သာ ပေးအပ်မည် ဖြစ်ပါသည်။

အပျင်းထူကာ အိပ်ပျော်နေသည့် မြေခွေးက ကြက်ဌက်တောကောင်များကို မဖမ်းမိနိုင်သည့် ဖြစ်ရပ်မှာ ကံကြမ္မာကို ယိုးမယ်ဖွဲ့ကာ အပြစ်တင် မရသကဲ့သို့ လောကကြီးအတွင်း ကြီးကျယ် ခမ်းနားလှသည့် ရကောင်းစရာ အရာဝတ္ထုများ၊ တတ်သိသင်ကြားရာ ပညာရပ်များ ရှိနေလင့်ကစား စိတ်ဆန္ဒပြင်းပြစွာ ကြိုးပမ်းအားထုတ်မှု မရှိလျှင် ကံကြမ္မာက မျက်နှာသာပေး လိမ့်မည် မဟုတ်ပေ။ မိမိတို့ အားစိုက်မှု ကြိုးပမ်းမှု တစ်စုံတစ်ခုကိုမျှ လုပ်ဆောင်ခြင်းမပြုပဲ ကံကြမ္မာကိုသာ အပြစ်ပုံချနေလျှင် ရစရာရှိသော ခံစားခွင့်ရှိသော အခွင့်အရေးမှန်သမျှ လက်လွှတ် ဆုံးရှုံးရမည်မှာ အသေအချာ။

လူဘ၀ဟူသည် မွေ့ရာခင်းသော ခရီးလမ်းမဟုတ်ချေ၊ ဆူးနှင့်ရောပြွမ်းနေသော ခရီးကြမ်းသာ ဖြစ်ရာ၏။ ချောမွေ့စွာ ရအပ်သောအရာ၊ လွယ်ကူစွာ တတ်မြောက်သော ပညာ လောကတွင် ရှိနှင့်မနေပါ။ အခက်အခဲ အတားအဆီး ဟူသမျှ မြူမှုန်လောက်ပင် သဘောပိုက် မှုမပြု ဂရုမထား ရဲဝံ့စွန့်စား ကျော်ဖြတ်သူများကိုသာ ကံကြမ္မာက လက်ကမ်းကြိုလင့် အသင့်စောင့်နေမည်သာ။ ဘ၀တက်လမ်းအတွက် ဆန္ဒပြင်းပြစွာ ကြိုးပမ်းနေသူများကိုသာ ကံကြမ္မာက သရဖူဆောင်း ပေးမည် ဧကန်မုချပါလေ။